ကလေးကဗျာ – ၁

လွန်ခဲ့တဲ့ ၃၊ ၄ ရက်က ရန်အောင်စာပေတိုက်က သူတို့ထုတ်ဝေတဲ့စာအုပ်သုံး၊ လေးအုပ်နဲ့အတူ စာလေးတစ်စောင်ပါလာပါတယ်။ ဖတ်ကြည့်လိုက်တော့ ကဗျာဆရာ မောင်ယဉ်မှူးရဲ့စာလေး ဖြစ်နေတယ်။ မောင်ယဉ်မှူးဆိုတဲ့ ကလောင်နာမည်ကို ဒီခေတ်လူ ငယ်တွေအဖို့မှာ နားစိမ်းကောင်း စိမ်းနေလိမ့်မယ်။ ဒါပေမယ့် သူတို့ ကလောင်တွေက ငါတို့ထက် ရှေးကျ တယ်။ စာပေလောက ထဲကိုဝင်တာ တို့များထက်စောသေးတယ်ဆိုပါတော့။ စာထဲမှာပါလာတဲ့ ပဓာနအချက်ကတော့ သူရေးတဲ့ မောင်ရေခဲ၊ မရွှေဖဲ ကလေးကဗျာ များ စာအုပ်လေးကို ရန်အောင်စာပေတိုက်က ထုတ်ဝေဖြန့်ချိလိုက်တယ်။ ဝယ်တဲ့သူမရှိဘူး။ ကလေး ကဗျာကို မူကြိုကလေးတွေကတောင် ချစ်ချစ်ခင်ခင် အော်ကာ၊ ဟစ်ကာ ရွတ်ဆိုလေ့မရှိကြတော့ဘူး။ ဆရာ ဦးအောင်သင်း ဒီအကြောင်းတွေ ကို စာမရေးချင်တော့ဘူး လား။ ကလေးကဗျာဘက်ကို လှည့်မကြည့်တော့ဘူးလား ရယ်လို့ ငါ့ကို ငိုသံပါကြီးနဲ့ တိုင်တည်လိုက် တဲ့စကားပါပဲ။


အဲဒီစာဖတ်ပြီးတော့ ငါလည်း တော်တော်လေး ငိုင်သွားမိတယ်။ ဘာကြောင့်လဲဆိုတော့ ငါကိုယ်တိုင်က မူကြိုသင်တန်းတွေ၊ မူကြိုကလေးထိန်းကျောင်းသား၊ ကျောင်းသူလေးတွေအကြောင်းတွေကို အတော်လေးအာရုံပြုနေမိတာကြောင့် ဖြစ်ပါတယ်။ သို့သော် လည်း ကလေးကဗျာတွေရဲ့ အခြေအနေတွေကို သီးသန့်မတွေးမိ ဘူး။ အခုတော့ သီးသန့်စဉ်းစားရမယ့်အချိန်ကို ရောက် လာပါတယ်။

ကလေးတို့ရဲ့ ဘဝနိဒါန်း
ကလေးကဗျာအကြောင်းကို မပြောမီ ကလေး တို့ဘဝရဲ့ နိဒါန်းအကြောင်းကို ပြောချင်တယ်။ ကလေး စိတ်ပညာ သင်ကြားမှုဆိုင်ရာ စိတ်ပညာဆိုတာမျိုးတွေထိ အောင် လေးလေးနက်နက် ပြောဖို့ မရည်ရွယ်ပါဘူး။ပြောလည်းမပြောတတ်ပါဘူး။ ရိုးရိုးရှင်းရှင်း သူသူ ငါငါ တွေ့မြင်နေကြတဲ့ ကလေးပေါက်စတွေရဲ့ လေ့လာသင်ယူ ပုံတွေကို ပြောသွားမှာပါ။ တစ်နည်းအားဖြင့် မျိုးဆက်သစ် နိဒါန်းတွေရဲ့သင်ယူပုံ၊ သင်ယူနည်းကို လေ့လာခြင်းပဲ ဆိုကြပါစို့။ ငါလည်း ကလေး ကဗျာအကြောင်းကို ရေး ရင်းက ချော်တောငေါ့ ပြီး ကလေးပေါက်စတွေရဲ့ လေ့လာ သင်ယူမှုတွေ အကြောင်းကို ရေးနေမိပြန်ပြီ။ သည်းခံပြီး ဖတ်ကြတော့ကွာ။
သာမန်အားဖြင့် အင်္ဂါ စုံစုံလင်လင် မွေးလာတဲ့ ကလေးတစ်ယောက်မှာ ခြေ၊ လက်အင်္ဂါ၊ နား၊ လျှာ၊ မျက်စိ ရယ်လို့ အာရုံငါးပါးကို ဖမ်းထိခံစားနိုင်တဲ့ပစ္စည်းကိရိယာ တွေပါလာလေ့ရှိတယ်။ ဒီပစ္စည်းတွေဟာ မွေးရာပါပစ္စည်းတွေမို့ အမေ မွေးကတည်းက အလကား ရလာတာလို့ ဆိုနိုင်သော်လည်း ဒီပစ္စည်းတွေကို သုံးစွဲပုံ၊ သုံးစွဲနည်းတွေကိုတော့ မိမိဘာသာ (ကလေးကိုယ်တိုင်က) လေ့လာ ဆည်းပူးရတာပါ။ ကုန် ကုန်ပြောလိုက်မယ်။ တစ်စုံတစ်ရာကို မျက်စိနဲ့ လှမ်း ကြည့်လိုက်တာ ဘာမှမခက်ပါဘူး။ လူရော၊ ခွေးရော အားလုံး ကြည့် တတ်တာချည်းပဲ။ ခဲရာခဲဆစ် ဘာမှမဖြစ်ပါဘူး။  ဒါပေမယ့် မွေးကင်း စကလေးတစ်ယောက်အဖို့ မနည်း ကြီး အားထုတ်ရတယ်။သူတို့အဖို့ မှာ ကြည့်ဖို့ရာ မဆိုထားနှင့်။ မျက် လုံးကိုတောင် မဖွင့်နိုင်ရှာဘူး။ မျက်လုံးဖွင့်လာနိုင်တဲ့အခါမှာလည်း သူမြင်ချင်တာကို မျက်လုံးက မကြည့်တတ်သေးဘူး။ ယက် ကလည်လိုက်ပြီး မျက်လုံးချာလ ပတ်လည်နေတတ်တယ်။ ဒါတွေ ကို မိခင်က သိတယ်။ ဒီတော့မှ မိခင်က လက်ခုပ်တီးပြီး ”သားရေ၊ မေမေ ဒီမှာ၊ မေမေ ဒီမှာ” စသည် အားဖြင့် အသံပေးလိုက်မှ ကလေး က အသံမြည်ရာဌာနကို လိုက်ရှာတယ်။ မျက်လုံးလေး ကလယ်၊ ကလယ်နဲ့ ပေါ့ကွယ်။ ဒီနေရာမှာ ပြောချင် တာက ကိုယ်အင်္ဂါတွေ ကို အသုံးပြုပုံ၊ အသုံးပြုနည်း၊ ကလေး များ သင်ယူရပုံကို ပြောချင်တာပါ။ ခုနက ကလေးသင်ယူပုံ တွေကို တွေ့ရ လိမ့် မယ်။ ပထမ မိခင်ရဲ့ အသံကို နားက ကြားလိုက် ရတယ်။ မျက်စိက အသံလာရာကို လိုက်ရှာရတယ်။ မျက်စိရှာဖို့ အတွက် ဦးခေါင်းက ဘယ် ညာ စသည်အားဖြင့် စောင်းငဲ့ပေးရ တယ်။
အဲဒီလိုပဲ နှာခေါင်းက လည်း ပဓာနအားဖြင့် အသက်ရှူ ခြင်းဟာ သူ့အလုပ်ဖြစ်သော် လည်း အနံ့ခံခြင်း၊ မွှေးခြင်း၊ နံခြင်း စသည်အားဖြင့် ပိုင်းခြားစစ်ဖြာ ခြင်း၊ အနံ့ရဲ့အန္တရာယ်ကို ပိုင်းခြား စစ်ဖြာခြင်း စတာတွေကို နှာခေါင်း က လုပ်ကိုင်ပေးနေရတယ်။ အဲ -ပါးစပ်အကြောင်းကို တော့ ကုန်အောင်မပြောနိုင်တော့ ဘူး။ လူတစ်ကိုယ်လုံးမှာ ဒီကောင် ဟာ အလုပ်အရှုပ်ဆုံးလို့ ထင်မိ တော့ တာပဲ။ ပါးစပ် (ဝါ) နှုတ်ဆို တာဟာ စားတာ၊ သောက်တာနဲ့ လည်း ဆိုင်တယ်။ စကားပြောတာ၊ အသံပြုတာတွေနဲ့လည်း ဆိုင် တယ်။ လျှာဟာ အရသာခံတာ သက်သက်ပဲလို့ ထင်ရတယ်။ ပါး စပ်ထဲ သွင်းလိုက်တဲ့ စားစရာကို သွားနဲ့ကြိတ်ခြေဖို့ လျှာနဲ့ တွန်းပို့ ပေးရတယ်။ အဲဒီလို လျှာက စား စရာတွေကို တွန်းလား၊ ထိုးလာ လုပ်နေရင်း အရသာလည်း ခံရ သေးတယ်။ ပြီးတော့ ဒီလျှာကို လှုပ်ရှားမှုအမျိုးမျိုး လုပ်ပေးပြီး စကားသံ၊ နှုတ်ကထွက်တဲ့ အသံကို ဖန်တီးပေးရသေးတယ်။
ငါလည်း လျှာရှည်တာ တော်တော်များသွားပြီ။ ကလေး  ကဗျာ ဆက်ကြဦးစို့။

အောင်သင်း

This entry was posted in ဆောင်းပါးများ. Bookmark the permalink.

Leave a comment